Friday, June 22, 2007

မျက်ရည်တ၀က်မျှဖြစ်စေ သုတ်ပေးခွင့်

တဦးတယောက်က ပူဆွေးငိုကြွေးနေတဲ့အချိန်မှာ
အခြားတစုံတဦးက ပျော်ရွှင်ရယ်မော နေနိုင်မှာတဲ့လား။

ဆိုင်အပြင် မှန်နံရံပေါ်မှာ ရေးထားသည့်စာတန်းကလေးဖြစ်သည်။ ဆိုင်ထဲမှာတော့ ပန်းကန်ခွက်ယောက်၊ အင်္ကျီ အ၀တ်အစား၊ စာအုပ်တိတ်ခွေ၊ အိမ်ထောင်ပရိဘောဂ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံအဆုံး အကုန်ရှိသည်။ အသစ်တွေတော့ မဟုတ်။ လာရောက်လှုဒန်းသွားကြသည့် ပစ္စည်းဟောင်းများဖြစ်သည်။ သို့သော် တချို့က အတော်လတ်သေးသည်ဟုပြောနိုင်သည်။ အဟောင်းပေမယ့် အစုတ်အမြင်းတွေတော့မဟုတ်။ သူတို့က ပစ္စည်းအကိုင် စည်းကမ်းရှိသည်ဟု ပြောရမည်။ ကျနော်တို့အတွက် သုံးပျော်သေးသည့် အနေအထားမှာရှိသည်။ တချို့ကလည်း ဟောင်းလို့လာလှုသွားသည်မဟုတ်။ အသစ်တခုဝယ်လိုက်၍ ပိုသွားသည်ကို လာလှုသွားခြင်း။ ၀ယ်ပြီးမှ မကြိုက်တော့သည်ကို ပြန်မလဲချင်၍ သည်မှာ လာလှုသွားခြင်းမျိုးဖြစ်သည်။
ထိုပစ္စည်းတွေကို ၀ယ်ချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ခင်းကျင်းပြီး သည်ဆိုင်မှာ ပြန်လည်ရောင်းချသည်။ ရောင်းလို့ရသည့်ငွေကို လူမှုအကူအညီလုပ်ငန်းများအတွက် အသုံးပြုသည်။ တနိုင်ငံလုံးမှာ သည်လိုဆိုင်တွေ အများကြီးရှိသည်။ သူတို့လုပ်ငန်းကလေးက သဘောကျစရာပါပေ။

ပစ္စည်းတွေက အသစ်တွေနှင့် ဈေးအတော်ကွာသည်။ အတော်သက်သာသည့် နှုန်းထားဟုပြောရမည်။ ကျနော်တို့ရောက်စက ဆိုဖာတစုံ။ ထမင်းစားပွဲ။ စာအုပ်စင် စသည်တို့ကို သည်ကပဲဝယ်သည်။ အသစ်တွေနား မကပ်နိုင်။ သည်လောက်နှင့်ပဲလည်း ကျနော်တို့ဧည့်ခန်းက အတော်သားနားသွားသည်။ တော်ပြီပေါ့။ အနွေးထည်တွေ၊ ဂျာကင်တွေ၊ အင်္ကျီအ၀တ်အစားတချို့ကိုလည်း အစပိုင်းကတော့ သည်ကပဲ ၀ယ်ဝတ်သည်။ အခုနောက်တော့ တချို့စင်တာတွေမှာ လျော့ဈေးချတုန်း ၀င်ဖွတတ်လာပြီမို့ အသစ်ဝယ်ဝတ်ဖြစ်လာသည်။ ဒါလည်း လမ်းကြုံလျင် သည်ဆိုင်မှာ ၀င်မွှေတတ်သေးသည်။ တခါတခါ မမျှော်လင့်ပဲ ပစ္စည်းကောင်းလေးတွေ ဈေးချောင်ချောင်နှင့် ရတတ်သည်။ ကျနော် အရူးအမူးဖြစ်သည့် လီဗိုင်းဂျင်းဂျာကင်တထည်ကို သည်ဆိုက်ကနေ ဈေးချောင်ချောင်နှင့် ကျနော်ရခဲ့ဘူးသည်။ ဥရောပရောက်တာတောင် ဖျာပုံထည်နှင့်ညားတုန်းမို့ ပြုံးချင်စရာ။

သည်ဆိုင်မှာ လခစားဝန်ထမ်းမရှိ။ အားလုံး စေတနာလုပ်အားရှင်တွေချည်းဖြစ်သည်။ ဆိုင်ကို ကြက်ခြေနီအဖွဲ့က ပိုင်သည်။ ကမ္ဘာတ၀ှမ်း ဒုက္ခရောက်နေသည့်နေရာတွေဆီ သူတို့သွားရောက်ကူညီကြသည်။ သည်မှာရှိသည့် သည်ဆိုင်ကလည်း ကမ္ဘာတ၀ှမ်းမှရောက်လာသည့် ကျနော်တို့လိုဒုက္ခသည်တွေအတွက် အားထားစရာ။ အ၀ါ၊ အညို၊ အမဲ အစုံ ဆိုင်ထဲမှာ တရုန်းရုန်း။ တချို့သူတို့နိုင်ငံသားတွေလည်း လာလာမွှေတတ်ကြသည်။ တခါက အဖွားကြီးတဦး အနွေးထည်လေးတထည် ၀တ်ကြည့်နေတာတွေ့ရသည်။ နောက်တော့ သူ့အင်္ကျီဟောင်းလေး တန်းပေါ်တင်ထားခဲ့ပြီး ထိုအနွေးထည်ကိုဝတ်ကာ ဆိုင်အပြင်ခပ်တည်တည်ထွက်သွားတာတွေ့လိုက်ရသည်။ ပစ္စည်းတွေမှာ သံလိုက်တံဆိပ်တွေမပါသည့်အတွက် မမြင်လိုက်လျင် ပါသွားသည်သာ။ လှုပါသည်ဆိုမှ အခမဲ့ဝင်ကူညီသွားသေးသည်ဟု ပြောရမလားမသိ။

တနေ့က မနက်ခင်းစာ ရုပ်မြင်အစီအစဉ်မှာ ကိုယ်ဟန်ပြမယ်လေးတွေနှင့် ဖက်ရှင်ပြပွဲတခု ကြည့်လိုက်ရသည်။ ထိုကြက်ခြေနီဆိုင်မှ အ၀တ်အစားများဖြင့် ဖက်ရှင်ပြခြင်းပင်။ ကြည့်လို့တော့အကောင်းသား။ အဟောင်းကလေးတွေဖြင့်လည်း လှအောင်ဝတ်နိုင်သည်ကိုတွေ့ရသည်။ အသစ်ဝယ်ဖို့လက်လှမ်းမမှီခင် အဟောင်းထဲမှ အကောင်းကလေးများရွေးကာ ကိုယ့်ကိုယ်ကိုယ် လှအောင်ဆင်နိုင်ပါသည်။ ရယ်မောနေသူတို့၏ ကြင်နာသောလက်ဖြင့် ငိုကြွေးနေသူ၏ မျက်ရည်တ၀က်ကို သုတ်နိုင်လျင်ပင် လောကကြီးက အတန်လှပလာနိုင်သည်မဟုတ်လား။

သို့သော်
ကျနော်တို့နေထိုင်တဲ့သည်မြေကမ္ဘာပေါ်
တစုံတဦးက ငိုကြွေးနေတဲ့အချိန်
အခြားတစုံတဦးက ရယ်နေမောနေ၊ ပျော်ပွဲဖွဲ့နေကြတာပါပဲ။
သြော် ကမ္ဘာကြီးတောင် ဘယ်တော့မဆို တ၀က်ပဲလင်းနိုင်တာ
ကျနော်တို့ ဘာလို့ မေ့မေ့သွားကြပါလိမ့်။ ။


Sunday, June 17, 2007

သစ္စာတော်စူးရစေ့

ခွေးအကြောင်းက မပြီးသေး။ ဆက်တွေးဖြစ်ပြန်သည်။

ကျနော်တို့ငယ်စဉ်က ဥက္ကလာသည် မြို့သစ်ပေါက်စမျှရှိသေးသည်။ ကျနော်တို့အိမ်တွေအောက်မှာ ရေ၀ပ်နေသည်။ မိုးဆိုလျင် ကြမ်းနှင့်ရေထိသည်။ ရေထဲမှာ ကျနော်တို့ကလေးတွေ ကျွမ်းပစ်ကြသည်။ ပါးစပ်နားရောက်လာသည့် မစင်တုံးတွေကို လက်နှင့်တွန်းဖယ်ရင်း ဗန်ဒါတုံးအပိုင်းပေါ်ခွတက်ကာ လှေလှော်ခဲ့ကြသည်။ ရေကျသွားလျင် အညစ်အကြေးကင်းစင်ပြီး သန့်ကျန်ရစ်သည်။
ကျနော်တို့အိမ်နောက်မှာ ခရာဆူးခြုံတွေရှိသည်။ အိမ်သာတက်လျင် ခရာခက်လေးချိုးကာ ကိုင်ထားရသည်။ အိမ်သာတွေက အိမ်ခြံနောက်ထုတ်ဆောက်ထားသည့် ဇလားအိမ်သာမျိုးဖြစ်သည်။ ကိုယ်အိမ်သာတက်နေစဉ် ဇလားပေါ် ချီးစားစုန်းတွေရောက်လာတတ်သည်ဟုဆိုသည်။ ထိုအခါ ခရာဆူးနှင့်ရိုက်ချမှ ပြေးသည်ဟု ပြောသံကြားဘူးသည်။ ကျနော်တော့တခါမှ မကြုံဘူးခဲ့။

ထိုကျနော်တို့အိမ်နောက် ခရာခြုံတွေအောက် နွေရာသီမြေခြောက်စဉ် တခါတော့ ခွေးမကြီးတကောင် မီးဖွားသည်။ ခွေးကလေးတွေအော်သံသာကြားပြီး တော်တော်နှင့်ထွက်မလာ။ တပတ်လောက်နေတော့မှ ယိုင်ထိုးယိုင်ထိုးနှင့် သကောင့်သားတွေ တောတိုးထွက်လာကြသည်။ ငါးကောင်လောက်ရှိမည်။ ထိုအထဲက အလှဆုံးတကောင်ကို ရွေးကာ ကျနော်တို့အိမ်မှာ မွေးထားလိုက်သည်။ ကျန်တဲ့ကောင်တွေကတော့ ထုံးစံအတိုင်း ရပ်ကွက်ထဲခြေဦးတည့်ရာ မောင်းထုတ်လိုက်သည်။ ခွေးမကြီးကလည်း အိုးအိမ်အတည်တကျမရှိ။ ခွေးလေးတွေ ကြီးကောင်ဝင်သည်နှင့် သူလည်းအရင်လို ရပ်ကွက်ထဲ လျောက်လေလွင့်နေပြန်သည်။ ပြီးတော့ တနှစ်တခါ ကြုံရာမှာ သားဝင်ပေါက်လိုက်ပြန်သည်။
သည်လိုနှင့်သုံးလေးငါးနှစ်ကြာသွားသည်။ ကျနော်တို့အိမ်ကိုလည်း ခြံအလုံခတ်လိုက်သည်။ မွေးထားသည့်ခွေးကလေးလည်း ကြီးပြီး အားကိုးလာရသည်။ အိမ်နားလူစိမ်းကပ်လို့မရ။ ခြံထဲစွပ်ကနဲဝင်လာဖို့မကြိုးစားနှင့် ခြေသလုံးအခဲခံရမည်။ လူမပြောနှင့်။ ခွေးလည်းမရ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားကြီးလာသူမို့ ဗလကောင်းကာ ခွေးလေခွေးလွင့်ခွေးနံပိန်လေးတွေခမျာ သူနှင့်တွေ့လိုက်လျင် မချောင်။ အမြီးကုပ်ကာ ကိန်ကြရသည်ချည်းဖြစ်သည်။
တနေ့တော့ အစာရေစာငတ်ပြတ်နေဟန်ရှိသည့် ခွေးအိုမကြီးတကောင် ခြံထဲအရဲစွန့်ဝင်လာသည်။ အိမ်ထဲရှိ ခွေးစားခွက်ထဲက အစာအကျွင်းအကျန်လေးတွေကို လစ်တုန်းဝင်စားခြင်းဖြစ်သည်။ ဒါပေမယ့် မလစ်ပါ။ အိမ်ကခွေးနှင့်ပက်ပင်းတိုးကာ အခဲခံရတော့သည်။ ကံဆိုးချင်တော့ ပြေးလမ်းပျောက်ကာ ခြံထောင့်မှာ ချောင်ပိတ်ခံရသည်။ ရှိသမျှအားအင်ကလေးနှင့် ပြန်ခုခံရှာပါသေးသည်။ အင်အားချင်းကမမျှပါ။ အသံကြားလို့ ကျနော်ပြေးဆင်းကာ မောင်းသည်။ အတော်မောင်းယူရသည်။ အားရအောင်ခဲပြီးမှ ကိုယ်တော်က ဒေါသပြေဟန်ရှိသည်။ တာဝန်ကျေသော စစ်သူကြီးတဦးပမာ အောင်ပွဲခံခြေလှမ်းတို့ဖြင့် လှေကားထစ်ပေါ်မှာ သွားပြန်ထိုင်ရင်း မာန်ဖီနေသေးသည်။ ခွေးအိုမကြီးကတော့ ခြေပင်မလှမ်းနိုင်တော့။ ကျနော်တို့ သူ့ကိုမကာ ခြံနောက်က ခရာခြုံတွေအောက် ပို့လိုက်သည်။ ခွေးအိုမကြီးကို ကျနော်မှတ်မိလိုက်သည်။ တခါက ထိုခရာခြုံတွေအောက် သားပေါက်သွားခဲ့သူ။ အိမ်ကခွေးရဲ့ အမေခွေးမကြီးပါပေ။ အခုတော့ သူ့သားအခဲခံရလို့ အသက်ငင်နေရရှာချေပြီ။ နောက်သုံးလေးရက်အကြာမှာ ထိုခရာခြုံတွေအောက်မှာပင် ခွေးမကြီး သေဆုံးသွားခဲ့သည်။

ခွေးတို့၏သစ္စာရှိပုံအကြောင်း တစုံတဦးကပြောတိုင်း ထိုခွေးမကြီးသားအမိကို ကျနော်သတိရသည်။ ခွေးသည် သစ္စာရှိချင်ရှိမည်။ မေတ္တာတရားအကြောင်းကိုတော့ မသိပေ။
သူ့ကိုဝမ်းနှင့်လွယ်ခဲ့၊ သူု့ကိုနို့ချိုတိုက်ကျွေးခဲ့သူတဦး၏ မေတ္တာတရားကို သူမသိ။ သူ့ကို လောလောဆယ်မှာ နေစရာပေး၊ စားစရာကျွေးနေသူတို့အပေါ်၌သာ သူသစ္စာထားဖို့သိသည်။ ထိုသစ္စာသည် မှန်ပါ၏လော။ ကျနော်တို့လူသားများအတွက် လိုလားအပ်သော သစ္စာတရားဖြစ်သလော။
မေတ္တာတရား၊ အမှန်တရားတို့နှင့် ကင်းကွာသော အိမ်မွေးခွေးတကောင်၏သစ္စာတရားမျိုးကို ကျနော်တို့ ရွံမုန်းတတ်ကြဖို့လိုပါသည်။

Thursday, June 14, 2007

သင်ကော ဘာ့ကြောင့်အမြီးလှုပ်သနည်း

ကျောင်းကအပြန် ပန်းခြံဘက်က ပြန်လာဖြစ်သည်။ ပန်းခြံထဲရောက်တော့ နေရောင်အောက်က ခုံတန်းလျားလေးမှာ ရေဒီယိုနားထောင်ရင်း ခဏထိုင်ဖြစ်သည်။ စောသေးလို့ထင်သည်။ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ တယောက်စနှစ်ယောက်စမျှသာရှိသေးသည်။ ကျောင်းလွှတ်ချိန်အလုပ်ဆင်းချိန်လောက်ဆိုလျင်တော့ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ ပြည့်နေတတ်သည်။ သည်လိုအချိန်မျိုးဆိုလျင် ပန်းခြံထဲက ကျနော်ဖြတ်မလျောက်ရဲ။ ကျနော့်မျက်လုံးတွေက နေသားမကျသေး။ နေကာမျက်မှန်ကောင်းကောင်းတလက်တော့ ၀ယ်ရပေအုန်းမည်။

ကျနော့်ရှေ့ကမြက်ခင်းပေါ်မှာ ကောင်မလေးတယောက် ခွေးအသေးကလေးတကောင်ဆွဲကာ လျောက်လာသည်။ တိကျအောင်ပြောရလျင် ကောင်မလေးက ခွေးကို ဆွဲလာတာမဟုတ်။ ခွေးက သူသွားချင်ရာသွားတာကို ကောင်မလေးက ကြိုးလေးကိုင်ကာ နောက်ကလိုက်လာခြင်းဖြစ်သည်။ ခွေးကျောင်းထွက်လာတာဖြစ်သည်။
သူတို့နှင့်ရင်းနှီးချင်လျင် ခွေးကျောင်းထွက်ပါ။ ခွေးချင်းလမ်းမှာဆုံခိုက် လူချင်းနှုတ်ဆက်စကားဆိုရင်း ခင်မင်ရင်းနှီးသွားနိုင်သည်။ ဒါပေမယ့် သည်နေရာမှာ ခွေးတကောင်မွေးဖို့ဆိုတာ ဗမာပြည်မှာ ဆိုက်ကားတစီးထောင်လို့ရသည်။ ခွေးဝေယျာဝစ္စ၊ ခွေးအသုံးအဆောင်၊ ခွေးကျန်းမာရေး စသဖြင့် ဆိုရလျင် ခွေးတကောင်၏ ခွေးနေမှုအဆင့်အတန်းက လူတဦးနှင့်တန်းတူ အဆာကျယ်သည်။ ပြီးတော့ နေ့စဉ်ပုံမှန် အောက်ဆင်းကျောင်းရသေးသည်။ ခွေးကျောင်းတာက လမ်းလျောက်လေ့ကျင့်ခန်းလုပ်ဖြစ်သဖြင့် ကျန်းမာရေးနှင့်တော့ လျော်ညီသည်။ ပြီးတော့ ခွေးလှလှလေးတကောင်ဆွဲကာလမ်းလျောက်ရတာ ဂိုက်လည်းအတော်ကျသည်ဟု ထင်ကြဟန်ရှိသည်။

တကယ်က သည်အချိန်က ခွေးကျောင်းထွက်ကြချိန်တော့မဟုတ်။ အများအားဖြင့် ညနေခင်းနှင့် ညဦးပိုင်းတွေမှာ၊ တချို့ကတော့ မနက်စောစော ထွက်ကြလေ့ရှိသည်။ အခုလိုနေ့လည်ခင်းကြီးတော့ သိပ်ထွက်လေ့မရှိကြ။ ဒါပေမယ့် သည်ကောင်မလေးကတော့ သူအားတဲ့အချိန် ထွက်ကျောင်းရတာလည်း ဖြစ်နိုင်သည်။ နေပူခံလမ်းလျောက်ရင်း တခါတည်း ခွေးကလေးပါခေါ်လာခြင်းလည်း ဖြစ်နိုင်သည်။ ကောင်မလေးက ခွေးလေးနားထိုင်ချလိုက်ကာ ဘာလည်းမသိပြောလိုက်သည်။ ခွေးကလေးက အမြီးကလေးတလှုပ်လှုပ်တရမ်းရမ်းလုပ်ကာ ကောင်မလေးကို ခုန်ဆွခုန်ဆွဖြင့် ပတ်ပြေးနေသည်။ သြော် ခွေးတွေက သူတို့လိုလားနှစ်သက်လျင် အမြီးလှုပ်တတ်သည်မဟုတ်လား။

ပိုက်ဆံရှိလျင် ခွေးမျိုးကောင်းကို ၀ယ်နိုင်သော်လည်း၊
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ တဲ့။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က သူငယ်ချင်းဖြစ်သူ၏အိမ်မှာ ဖတ်ခဲ့ရသည့် စာတန်းကလေးဖြစ်သည်။ သူငယ်ချင်းက သူ့စာအုပ်စင်ကလေးဘေးကနံရံမှာ သည်စာတန်းကလေးကို ကပ်ထားခြင်းဖြစ်သည်။ သိုးဆောင်းစကားပုံဟုဆိုသည်။ သည်အချိန်တုန်းက ကျနော်က သိပ်နားမလည်။ ပိုက်ဆံရှိမှ ခွေးဝယ်နိုင်သည် ဆိုတာကို ကျနော်နားမလည်။ ခွေးကို ၀ယ်ရသည်ဆိုတာကို နားမလည်ခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှာ ခွေးကိုဝယ်မွေးတာ ကျနော်မမြင်ဘူး၊ မကြားဘူးခဲ့။ လိုချင်လျင် တအိမ်အိမ်က တောင်းနိုင်သည်။ ဒါမှမဟုတ် ကိုယ့်အိမ်နား ၀ဲလည်ဝဲလည်လာလုပ်သည့်ခွေးတကောင်ကို အစာကျွေးကာ မွေးထားလိုက်နိုင်သည်။
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ ဆိုတာကတော့ သဘောပေါက်သည်။ ပိုက်ဆံရှိတိုင်း အရာရာမဖြစ်။ မေတ္တာရှိဖို့လိုသည်ဟု ဆိုလိုခြင်းဖြစ်မည်ဟုတော့ စကားပုံကို နားလည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိုစာတန်းကလေးကို ကျနော် သဘောကျခဲ့သည်။

လူတွေမှာ အမြီးမရှိပါ။ လူသည်ခွေးမဟုတ်။ လူသည် ခွေးထက် အစစအရာရာ သာလွန်မြင့်မားသူ ဖြစ်ပါသည်။ လူတယောက်ကို ခွေးနှင့်နှိုင်းပြောလျင် နာဖို့ကောင်းသည်။ သို့သော် ခွေးသည်လူထက်သစ္စာရှိသည်ဟု တချို့က ဆိုတတ်ကြသည်။ ခွေးလောက်မှ ကျေးဇူးမသိတတ်ဟု လူတချို့ကို သမုတ်တတ်ကြသည်။
ကျနော်ဆက်စဉ်းစားကြည့်ပါသည်။
အကယ်၍ လူတွေမှာ အမြီးရှိခဲ့သည်ဆိုပါစို့။
ထိုလူအမြီးကိုလှုပ်စေနိုင်သောအရာသည်
ပိုက်ဆံလော။
မေတ္တာတရားလော။
မှန်ကန်သောသစ္စာလော။
အမိန့်အာဏာလော။
ကျနော်ဆက်စဉ်းစားကြည့်ချင်မိပါသည်။

Sunday, June 10, 2007

စနက်တံမီးလောင်နေတဲ့ ဒိုင်းနမိုက်ကလေး

ရာဟူးအီးမေးလ်ဘောက်စ်ကိုဖွင့်တော့ ကိုယ့်ထဲမှာ စာတွေအတော်ပြည့်နေသည်ကိုတွေ့ရသည်။ အုပ်စုမေးလ် တော်တော်များများထဲပါနေသည်မို့ စာတွေက တစောင်ထဲပေမယ့်လည်း လေးငါးနေရာက လှည့်ကာရောက်လာတတ်ကြသည်။ ၀န်ခံရလျင် စာတိုင်းတော့ မဖတ်နိုင်ပါ။ စာတိုင်းကိုလည်း စိတ်မ၀င်စားပါ။ စာတိုင်းကလည်း ကျနော်နှင့်သက်ဆိုင်သည်ချည်းမဟုတ်ပါ။

ဖတ်မိသလောက်စာတွေကြောင့် စိတ်ပျက်ရတာလည်းရှိသည်။ အားတက်ရတာလည်းရှိသည်။ တယောက်တည်း ပြုံးမိတာလည်းရှိသည်။ စိတ်ထဲကသာမက ပါးစပ်ကပါအသံထွက်ပြီး ဆဲမိတာလည်းရှိသည်။ တချို့ ကျေးဇူးတင်ဖွယ် သိမ်းဆည်းထားရမည့်စာမျိုးတွေလည်း ပို့ပေးလာတတ်သည်။ တချို့ကတော့ နာမည်ကြည့်ရုံနှင့် လက်က ဒီလိတ်ကိုတန်းရောက်ပြီးသားဖြစ်နေတတ်သည့် စာမူရှင်တွေလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှတော့ ဘလောက်လုပ်မထားခဲ့ပါ။ ကျနော့်စာတိုက်ပုံးကလေးကို အားလုံးအတွက် တံခါးဖွင့်ပေးထားခဲ့ပါသည်။

အလုပ်တခုတော့ပိုတာရှိသည်။ စာတွေကို နေ့စဉ်ဖျက်ဖျက်ချနေရသည်။ တနေ့မဖျက်မိလျင် စတိုးလီမစ်မှာ တစ်ရာခိုင်နှုန်းလောက် တိုးတိုးလာတတ်သည်။ ကျနော့်စာတိုက်ပုံးကို ဆယ်ငါးရာခိုင်နှုန်း လီမစ်အောက်မှာပဲ ထားဖို့ ကျနော်ကစိတ်ကူးထားသည်။ ဒါတောင် ရာဟူးက နှစ် မီဂါဘိုက်ကြီးများတောင် အခမဲ့သိမ်းခွင့်ပေးထားတာဖြစ်သည်။

တလောက မအားသည်နှင့် စာတိုက်ပုံးလေးကို မဖွင့်ဖြစ်။ သည်စနေဖွင့်လိုက်တော့ စာတွေအတော်ပြည့်နေသည်ကိုတွေ့ရသည်။ စတိုးလီမစ်ပြသည့်နေရာလေးမှာ စနက်တံမီးလောင်နေသည့် ဒိုင်းနမိုက်ပုံ သရုပ်ပြရုပ်ပုံအရှင်လေးတခုကို တွေ့ရတော့ အတော်စိတ်ပူမိသွားသည်။ ဒါနှင့်ပင် စာတွေကို ကမန်းကတန်းဖွင့်ရှင်းရတော့သည်။ ပုံလေးနေရာမှာပေါ်လာသည့်စာကိုဖတ်ကြည့်တော့ အကန့်အသတ်မဲ့ စာတိုက်ပုံးကိုသုံးပါ တဲ့။ အသုံးများမှန်းသိလို့ ၀ယ်ခိုင်းတာဖြစ်မည်ဟု ထင်လိုက်သည်။ စိတ်ထဲမရှင်းသည်နှင့် အသေအချာပြန်ကြည့်တော့မှ လား လား အခမဲ့စာပုံး အကန့်အသတ်မဲ့သုံးဆိုပါလား။ ဒင်းတို့၏၀န်ဆောင်မှုက ဖျားလောက်ပါပေသည်။ နည်းပညာက ၀န်ဆောင်မှုဘောင်ကို အဆုံးမဲ့ချဲ့ပစ်လိုက်ပုံက ကြုံလို့သာ ယုံလိုက်ရတော့သည်။
တသတ်လုံးစာ စာအစောင်ပေါင်းများစွာကို ရာဟူးပေါ်မှာ သိမ်းဆည်းထားနိုင်ပေတော့မည်။

အခုလည်း ဘလော့ပေါ်မှာ ကျနော့်နေ့စဉ်တွေးမိတာ၊ ငေးမိတာလေးတွေကို စာအတိုအစလေးတွေအဖြစ် ရေးချနေဖြစ်သည်။ အရင်လို စာအုပ်တွေ၊ စာရွက်တွေမလိုတော့။ ပြီးတော့ ဘယ်မှာထားမိမှန်းမသိလို့ လိုလျင် နေရာအနှံ့ မွှေနှောက်ရှာရသည့်ဒုက္ခမျိုးလည်းမရှိတော့။ မိုင်ပေါင်းများစွာက တိုးတိုးဖော်သူငယ်ချင်းဖြစ်သူကိုလည်း ပေးဖတ်နိုင်သေးသည်။ ဒါမှမဟုတ် ကမ္ဘာအနှံ့အသိမိတ်ဆွေတွေဆီ ကိုယ်ရေးကိုယ်ထုတ်စာစောင်လေးတခုလို ထုတ်ဝေပေးပို့နိုင်သေးသည်။ နည်းပညာက အလုပ်အပေါ် အများကြီးပံ့ပိုးလာနေသည်။ လူက ပျင်းနေလျင်မူ နည်းပညာက ဘာမှတတ်နိုင်မည်မဟုတ်ပါ။

တချို့နေရာတွေမှာတော့ နည်းပညာ၏အသီးအပွင့်တို့ကိုခြံခတ်ကာ လူတစုကသာ ဆွတ်ယူနေကြသည်။ အများစုကြီးမှာ မြင်သာမြင်မကြင်ရ၊ အဝေးကလှမ်း သွားရည်ကျယုံ၊ လက်လှမ်းလို့မမှီနိုင်ကြ။ နည်းပညာနှင့် ရေမြေခြားအောင် စံနစ်တကျ လုပ်ကြံခံထားကြရသည်။
မြန်မာပြည်မှာ ဖရီးမေးတွေ သုံးခွင့်မပေးဟုသိရသည်။ အထူးသဖြင့် အခုလိုဝန်ဆောင်မှုအားကောင်းသည့် အိုင်တီဘီလူးကြီးတွေမှာ တံခါးပိတ်ခံထားကြရသည်။ မြန်မာလူထုမှာ အိုင်တီစည်းဝိုင်းထဲ ၀င်ဆန့်ခွင့်မရကြရှာပေ။ ဖိနပ်တရံ၊ ထီးတလက်၊ ပုဆိုးတထည်ဝယ်ဖို့ပင် စားဖို့ထဲက ဖဲ့စုနေကြရသည့်အခြေအနေမှာ ကွန်ပြူတာတလုံး အိမ်မှာ ၀ယ်သုံးဖို့ဆိုတာ..။ ဖုန်းလိုင်းတလိုင်း၊ အင်တာနက်ချိတ်တခုဆိုတာကလည်း ရေပေါ်ဆီတို့ရဲ့ ဇိမ်ခံပစ္စည်းတခုလိုလို။
သည်အခြေအနေမှာ ကျနော့် ကဗျာတပုဒ် ဒါမှမဟုတ် ၀တ္တုတိုတပုဒ်ပါသည့် စာစောင်တခုကို ကုန်စိမ်းသည်တယောက် ဖင်ခုထိုင်ထားတာတွေ့လျင် ကျနော်ပျော်ရွှင်မိပါလိမ့်မည်။
အင်တာနက်ပေါ်တက်ပြီး ဘလော့ပေါ်စာတွေရေးနေရတာ အရသာမတွေ့မိတော့။

တကယ်လည်း အွန်လိုင်းစာရေးသူတယောက်၏ဘ၀သည် သွေ့ခြောက်၏။ အရသာမဲ့၏။ လှုပ်ရှားရှင်သန်မှုကင်းစွာ သေ၏။ သူ့စာများသည် လေထဲရေးပြီး လေထဲပျောက်၏။ ကလောင်ကို တုံးစေ၏။ နက်ပေါ်တက်စာဖတ်သူများမှာ သူ့အာရုံနှင့်သူ။ သူဖတ်ချင်တာရှာဖတ်ပြီး ဆင်းသွားကြသည်။ သတင်းပလင်းအစုံကမူ ဒစ်ဂျစ်တယ်မြစ်ရေစီးတွင် အားကောင်းစွာ စီးဆင်းလျက်။ လူအများ ထိုမြစ်တွင် အလျားလိုက်ကူးနေကြသည်ကိုတွေ့ရသည်။
အခုလည်း ကွန်ပြူတာရှေ့တွင် ကျနော်ထိုင်နေမိသည်။
ဖန်သားပြင်ပေါ်တွင် စာလုံးကလေးများမှာ ရသဖြင့် လှုပ်ခုန်လာလေမလား။
မည်သို့ပင်ဖြစ်စေ ဆက်လက်ကြိုးစားကြည့်ချင်ပါသေးသည်။

Thursday, June 7, 2007

အ၀ါရောင်ပင်လယ်


ဟိုမှာ ငုပန်းတွေ ဟု သူပြောမိသည်။ တကယ်တော့ ငုပန်းတွေမဟုတ်။ အရွက်စိမ်းကလေးတွေကြား အပွင့်ဝါနုစိပ်လေးတွေ အဆိုင်းလိုက်ကျနေပုံကတော့ တကယ့်ငုပန်းကလေးတွေပင်။ အပွင့်ဆိုင်းဝါ၀ါတို့ ပင်လုံးပြည့်ပွင့်ဝေကာ အကိုင်းအခက်တို့ ညွုတ်တွဲကျဟန်ကအစ ငုပင်ငုအလှဟု ယုံမှတ်မှားရသည်။ တကယ်တော့ ငု မဟုတ်ပါ။
ငုပင်တွေက သိပ်မြင့်မားသည်မဟုတ်။ ငုပွင့်အဆုပ်အဆိုင်းတို့ကလည်း လက်တကမ်းမှာပဲမို့ ဆွတ်ချင်ခူးချင်စိတ်ကို တားရခက်သည်။ နွေနေရောင်စူးစူးအောက် ငုအ၀ါက ပျော်ကျနေသည်။ ပန်မလားဟင် ဟု မေးရင်း သူက ငုအခက်ငုအကိုင်းတို့ကို လှမ်းခုန်ခူးပေးခဲ့ဘူးသည်။ သည်တုန်းက ကောင်ကလေးရဲ့မသည် ငုပွင့်တွေတခေါင်းလုံးဝေကာ ချစ်ရည်ရွှန်းလဲ့နေခဲ့သည်။ ကန်တော်ကြီးရေပြင်ကိုဖြတ်တိုက်လာသည့်လေက ကောင်ကလေးနှင့်သူ့မတို့၏ တဒင်္ဂကလေးကို ဆွတ်မြစေခဲ့ဘူးပါသည်။

ငုသည်အ၀ါ၊ ပိတောက်သည်အ၀ါ။ ရွှေကလည်း အ၀ါတမျိုးပင်။ မြန်မာ့မြေသည် အ၀ါနှင့်ထုံခဲ့သည်။ မြန်မာကောင်ကလေးသည် အ၀ါတွေကြား ကြီးပြင်းခဲ့သူ။ ကောင်ကလေးရဲ့မ အသားအရည်ကလည်း ၀ါဝင်းနေသည်။ ကောင်ကလေးငယ်စဉ်က ကြည်ပြာရောင်ကလေးနဲ့ ရွှေဝါနွယ်ကလေးနဲ့ နှောတဲ့အခါ မြစိမ်း စိမ်းတော့တယ်ဆိုတဲ့သီချင်းကို အမြဲလိုညည်းနေခဲ့ဘူးသည်။ သို့ပေမယ့် ကောင်ကလေးရဲ့မကတော့ စိမ်းမသွားပါ။

အ၀ါမထုံသောမြေမှာ သူသည် အရင်ကကောင်ကလေးအကြောင်းကိုတွေးနေမိသည်။ ကောင်ကလေးက အပြင်ကကြည့်လျင် လူအေးကလေးဟုထင်ရသည်။ သို့သော် သူ့ရင်ထဲမှာ အပူတခုခု အမြဲတမ်းရှိနေတတ်သည်။ လူပုံကနွဲ့ဟန်ပေါက်သည်။ သို့သော် ပေကပ်ကပ်နှင့် ခေါင်းမာကလေးဖြစ်သည်။
ကောင်ကလေးမှာ အတွေးသမားကလေးတဦးလည်းဖြစ်သည်။ သို့သော် သူလုပ်ချင်ရာတခုခုကို စွတ်ရွတ်လုပ်သည့်အခါမှာမူ ဘာမှမတွေးတော့။ ကောင်ကလေးသည် စာအုပ်နှင့်တွေ့သည့်အခါ ငြိမ်ကျသွားသည်။ သူ့အတွေးတချို့သည်လည်း စာလုံးကလေးများဖြစ်လာသည်။ နောက်တော့ ကောင်လေးရဲ့မနှင့် တွေ့သည်။ ကောင်လေးသည် သူ့၏မထံ စာလုံးပေါင်းများစွာပေးပို့ခဲ့သည်။ ကောင်လေးရဲ့မသည် စာလုံးတွေကို သိပ်မသိပါ။ သို့သော် ကောင်လေးရဲ့အချစ်မီးပုံထဲ ခုန်ဆင်းဖို့တော့ နောက်မတွန့်ခဲ့ပေ။

ပန်မလားဟင် လို့တော့ မမေးဖြစ်ခဲ့ပါ။ ငုပင်ကလေးအမှတ်ဖြင့်ပင် ပန်းခက်အဆုပ်အဆိုင်းတွေအောက်မှာ အတန်ကြာ သူရပ်နေရင်း သူအမောကလေးတက်လာခဲ့ရသည် ကုန်းဆင်းလမ်းလေးကို အပေါ်က စီးကြည့်နေမိသည်။ လမ်းကလေးအတိုင်း တဖြည်းဖြည်းတက်လာသည့် တခါက အ၀ါရောင်။ တခါက ငုပန်းဝေေ၀။ သည်အ၀ါက ငြိမ်သက်အေးဆေးသော အ၀ါ။ အပင်ပေါ်က အပွင့်ဝါ၀ါတွေကို ငေးရီနေပုံက ကောင်လေးရဲ့မဆိုတာ သေချာသွားစေသည်။ ဖြတ်တိုးသွားသည့်လေက အေးနေသည်။ ပင်လယ်ဘက်က တိုက်ခတ်လာတာဖြစ်သည်။ ပင်လယ်သည်ပင် အ၀ါလော။
ခဏမှာပင် အ၀ါရောင်ပင်လယ်ရှိရာ သူပြေးထွက်ချင်မိသည်။
သတိရခြင်းသည် အ၀ါ။ လွမ်းဆွတ်ခြင်းသည် အ၀ါ။ လွတ်လပ်ခြင်းသည် အ၀ါ။ တွေးတောခြင်းသည် အ၀ါ။ ရင်ခုန်ခံစားခြင်းသည် အ၀ါ။ အချိန်ကာလများသည် အ၀ါ။
ကောင်လေးရဲ့မသည် ငုပန်းတွေကို ပွင့်စေခဲ့သူမဟုတ်လော။ ။